မြေပြိုပြီး လမ်းတွေပျက်စီးနေပေမယ့် ကျောင်းကိုမရောက်ရောက်အောင် သွားခဲ့တဲ့ ဆရာမ

လူတစ်ယောက်ကို အသိပညာပြည့်ဝအောင်၊ ကျိုးကြောင်းဆင်ခြင်တတ်လာအောင် သင်ကြားပေးကြတဲ့ ဆရာသမားတွေရဲ့ ဂုဏ်ဟာ ကြီးမားလှပါတယ်။ ဆရာသမားကောင်းတွေဟာ တပည့်တွေကို စာတော်ပြီးလိမ္မာရေးခြားရှိအောင် သင်ကြားတတ်ရုံတင်မကပဲ သူတို့ကိုယ်တိုင်ကလည်း စံပြပုဂ္ဂိုလ်တွေအဖြစ် နေထိုင်ကြလေ့ရှိပါတယ်။

အခုတွေ့ရမှာကတော့ worldofbuzz သတင်းမှာ တွေ့ရှိရတဲ့ ဆရာတွေရဲ့အနစ်နာခံမှုနဲ့ ဂုဏ်ကျေးဇူးကို ပိုပြီးပေါ်လွင်အောင် ဖော်ပြနေတဲ့ ထိုင်းနိုင်ငံက ဖြစ်ရပ်လေးပဲ ဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ ရှဲထားတဲ့ ဒီဖြစ်ရပ်လေးမှာတော့ ကျောင်းဆရာမတစ်ယောက်ဟာ မြေတွေပြိုပြီး အန္တရာယ်များလှတဲ့ လမ်းကိုဖြတ်ပြီး ကျောင်းကို ရောက်အောင် သွားခဲ့တဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ မကြာသေးခင်တုန်းက ထိုင်းနိုင်ငံထဲ ပိုဒူးလ်အပူပိုင်းမုန်တိုင်းဝင်မွှေသွားခဲ့တာကြောင့် နာအူဒုမ်ပြည်နယ်ရဲ့ အချို့နေရာတွေမှာ မိုးများစွာရွာသွန်းခဲ့ပြီး ရေကြီးရေလျံတာ၊ မြေပြို မြေတိုက်စားတာတွေ ဖြစ်ပွားခဲ့တာပါ။

အောက်က ဓာတ်ပုံတွေမှာတော့ အမျိုးသမီးတစ်ယောက်ဟာ လက်တစ်ဖက်နဲ့ ဖိနပ်ကို ကိုင်ထားတဲ့အပြင် သင်ကြားရေးပစ္စည်းတွေထည့်ထားတဲ့ လွယ်အိတ်တစ်လုံး လွယ်ထားခဲ့တာကိုလည်း တွေ့ရမှာပါ။ ဒါ့အပြင် ဓာတ်ပုံထဲမှာ လမ်းတွေဟာ ကျိုးပျက်နေပြီး မြေစမြေနတွေက အတုံးလိုက် အခဲလိုက် ဟိုတစ်စ ဒီတစ်စနဲ့ ဖြစ်နေတာကိုလည်း တွေ့ရပါသေးတယ်။

လမ်းက နှစ်ခြမ်းကွဲနေပြီး ဒီဖက်လမ်းကနေ အခြားတစ်ဖက်ပေါ်ကို ရောက်ဖို့ဟာ မြေကြီးထဲ (၅) မီတာလောက် ချိုင့်ကြီး ဖြစ်နေတာပါ။ အခုလိုအခက်အခဲတွေ ရှိနေပေမယ့်လည်း အဆိုပါ အမျိုးသမီးက မမှုပဲ ခြေဗလာနဲ့ ကျွံကျနေတဲ့ မြေကြီးချိုင့်ထဲကို လှေကားနဲ့ ဖြည်းညှင်းစွာ အချိန်ယူဆင်းပြီး တစ်ဖက်လမ်းဆီ အရောက်သွားခဲ့တာ ဖြစ်ပါတယ်။ဒါကို တွေ့မြင်ကြရတဲ့ အွန်လိုင်းပေါ်က လူတွေကတော့ ကျောင်းဆရာမရဲ့ တာဝန်သိစိတ်နဲ့ အလုပ်အပေါ်မှာထားတဲ့ စေတနာကို ချီးမွမ်းနေကြပါတယ်။ အဆိုပါဆရာမက ကျောင်းမှာ ကလေးတွေ သူမကို စာသင်ဖို့ စောင့်နေလိမ့်မယ်၊ ဒါကြောင့် မရရအောင်သွားမှဖြစ်မယ်ဆိုပြီး အနီးကလူတွေကို ပြောခဲ့တယ်လို့ လည်း သိရပါတယ်။

Credit-ရွှေမွန်

Myanmar News