သမ္မတကြီးထံသို့ တိုင်စာပေးပို့ရေးသားခဲ့တဲ့ Miss ထားထက်ထက်

Miss ထားထက်ထက် ဟာဆိုရင် miss grand international ပြိုင်ပွဲမှာသွားရောက်ယှဉ်ပြိုင်ခဲ့သူ တစ်ဦးပါ။ Miss တစ်ယောက်အနေနဲ့ ပရဟိတများစွာကို လည်းလုပ်ကိုင်သူဖြစ်ပြီး ငယ်စဉ်ကတည်းက အားကစားဝါသနာပါသူတစ်ဦးပဲဖြစ်ပါတယ်။ သူမက ခုနောက်ပိုင်း မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ နည်းပြတစ်ဦးအဖြစ်လုပ်ကိုင်နေတာတွေ့ရပါတယ်။ဒီတစ်ခါမှာတော့ ထားတက်ထက်က မြန်မာ့ကျွမ်းဘား အားကစားရုံနဲ့ ပတ်သက်ပြီး သမ္မတထံ တိုင်ကြားစာ တစ်စောင်ကို သူမရဲ့ဖေ့စ်ဘွတ်ပေါ်မှာဖော်ပြထားတာပါ။ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

“သမ္မတကြီးထံသို့ ပေးစာ……

အားကစားလောကမှ တာဝန်ရှိ လူကြီးများနှင့် အားကစားလောကကို တကယ် တိုးတက်စေလိုသော လူကြီးမင်းများ သိရှိ အရေးယူနိုင်ပါစေရန်…….ထားထက်ထက် အနေဖြင့် ကျွမ်းဘားအားကစားကို အသက် ၅ နှစ်မှ စတင် ကစားခဲ့ပြီး ၁၀ နှစ်တိုင်တိုင် နိုင်ငံ့လက်ရွေးစင်အဖြစ် SEA GAMES ပြိုင်ပွဲတွေအထိယှဉ်ပြိုင် ကစားခဲ့ပြီး ယခုအခါ ၂၀၁၅ ခုနှစ်မှစ၍ နည်းပြအဖြစ် ကျွမ်းဘားအားကစားရုံ (ကျိုက္ကဆံကွင်း) တွင် ရန်ပုံငွေ လစဉ်ပေးသွင်း၍ သင်ကြားခဲ့ရာ ၅ နှစ်နီးပါး သင်ကြားခဲ့ရာ၌ အခက်အခဲ တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ယခုအချိန်တွင် မိမိအပါအဝင် အခြားနည်းပြများ ၊ ကလေးမိဘများအတွက် များစွာ အခက်အခဲ ဖြစ်စေသည့် အကြောင်းအရာများကို တင်ပြလိုပါသည်။
Accident တခုကြောင့် ကိုယ်တိုင်မကစားနိုင်တော့တဲ့အချိန် ၂၀၁၅ ကစပြီး ကိုယ်သင်ထားတဲ့ ပညာတွေ အလကားမဖြစ်စေချင်တာ တစ်ကြောင်း ၊ ကလေးငယ်တွေကို ကျွမ်းဘားသင်ပေးချင်တာ တစ်ကြောင်းကြောင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှာ Weekend တွေဘယ်သူမှမရှိတဲ့ အချိန်ကို အချိန်ပိုင်းအဖြစ် ငှားရမ်းသင်ကြားခွင့်ပေးဖို့ စာတင်ခဲ့ပြီး ဥက္ကဌရဲ့ခွင့်ပြုချက်ဖြင့် ကလေး တစ်ယောက်နဲ့ စတင်သင်ကြားခဲ့တယ်။ ကျွမ်းဘားအားကစားရဲ့ သံတမန်အဖြစ်လဲ ခန့်အပ်ခံခဲ့ရတယ်။သင်လာရင်းနဲ့အတန်းထဲမှာ ကလေးတွေ တဖြည်းဖြည်း တော်တော်များလာခဲ့တယ်။ကလေးတွေ များလာတော့ လူတွေရဲ့ထုံးစံအတိုင်း မနာလိုတွေဖြစ် သူတို့ပဲ လိုချင်၊ လုပ်ချင်လာတယ်….ဒါနဲ့ပဲ ၂၀၁၈ အစကတည်းက ယာယီအတွင်းရေးမှူးမှ စတင် နည်းလမ်းမျိုးစုံသုံးပြီး အကျင့်ယုတ်ပါတော့တယ်…”

“၁။ ပထမဆုံး ကစားရုံ အသစ်နဲ့အဟောင်း ၂ ခုရှိတာကို ထားထက် ကလေးတွေ အသစ်မှာကစားလို့မရဘူး၊အဟောင်းမှာပဲ ကစားရမယ်ဆိုပြီး ကလေးချင်းခွဲခြား၊ ဆရာချင်းခွဲခြားနဲ့ ဒါစည်းကမ်းပါ ဆိုပြီး စတယ်……
(ထားထက်ဆီမှာဆော့တဲ့ကလေးက နိုင်ငံခြားသားများပါတယ်။)
၂။ ယခင် ကလေးမိဘတွေ ထိုင်ဖို့ ခုံထားပြီး ထိုင်စောင့်လို့ရနေလျှက်နဲ့ ကလေးမိဘတွေတစ်ယောက်မှ မဝင်ရဘူး၊ အပြင်မှာပဲ နေရမယ် ဆိုပြီး အပြင်မှာ ထိုင်ခုံမရှိ နံဟောင် နေတဲ့ အိမ်သာရှေ့တွင် ၄ ယောက်ပဲ ထိုင်လို့ရမည့် ထိုင်ခုံတစ်ခုတည်းဖြင့် သက်သက်ကြီး အပြင် ထွက်စောင့်နေခိုင်းခဲ့တယ်…..
၃။ ရုံအဟောင်းမှာပဲ ကစားခွင့်ပြုတယ်ဆိုရင်လည်း ရုံဟောင်းကို အခုငှားပြီးသင်နေတဲ့ဆရာတွေအကုန်စုပြီး ပြင်ပါ့မယ်။ ဆေးတွေ သုတ်ပေးပါမယ်၊ ပစ္စည်းလိုအပ်တာတွေ ထည့်ပါမယ်၊ ပန်ကာတွေ လှူပါမယ်ပြောတာကို မလိုအပ်ဘူး မလုပ်ပေးပါနဲ့ပြောပြန်တယ်…..
၎။ ကစားစရာ ပစ္စည်းတွေကို အကောင်းတွေ အခန်းထဲသိမ်းထားပြီး အစုတ်တွေကိုသာ ထုတ်ပေးထားတယ်။ သုံးနေတဲ့ပစ္စည်းတွေဆို နောက်ရက်မှာ ဖွက်ပြီးအခန်းထဲ သိမ်းထားလိုက်တယ်….. ကစားရတာ သက်သက် အဆင်မပြေအောင် ညစ်ပြန်တယ်။
၅။ အားကစားရုံ သော့ကိုင်ထားတဲ့ လူတစ်ယောက် ကျန်ခဲ့ပေမယ့် နေပြည်တော်သွားရမှာမို့ဆိုကာ ကြိုတင်မပြောပဲ ကစားရုံကို သော့ပိတ်တယ်။ ကျောင်းအုပ်ကိုလှမ်းပြောတော့မှ မတတ်သာလို့ တံခါးလာဖွင့်ပေးတယ်…..”

“၆။ ကိုယ်သင်နေတဲ့အချိန်မှာ နေ့လည်ပိုင်း အချိန်ငှားထားတဲ့ သူတို့နှင့် ရင်းနှီးသောဆရာကို မနက်ပိုင်းကိုယ့်အချိန်မှာ သက်သက် လူရှုပ်အောင် လာသင်ခိုင်းတယ်။ ရှိနေတဲ့ တခြမ်းကို နေရာမပေးပဲ လုပြီး သင်ပြတယ်….
၇။ ဇာတ်လမ်းတွေဆင် ရုပ်ရှင်တွေရိုက်ပြီး ကိုယ်ကသူ့ရဲ့နောက်ကို လူတစ်ယောက်လွှတ်နောက်ယောင်ခံလိုက်ခိုင်းစေပါတယ်ဆို လုပ်ဇာတ်လုပ်ပြောတယ်။ ဒါကိုမဟုတ်ကြောင်းဖြေရှင်းပြတော့ လက်ခံပြီး နောက်ကွယ်ရောက်မှ ညွှန်ချုပ်ဆီ ကလေးဆန်စွာလို ယုတ်မာပြီး စာတက်တိုင်တယ်…..
၈။ အရင် ကားဝင်လို့ရတဲ့နေရာ ကားတွေရပ်နေကြကို နောက်တော့ ကလေးလာပို့တဲ့ကားတွေ ကလေးကိုအပေါက်ထိပဲပို့ပြီး အပြင်ပြန်ထွက်စေတယ်။ သိပ်မကြာဘူး ကလေးကိုတောင် အပေါက်ဝထိ ကားနဲ့ပို့လို့မရတွေ လုပ်ပြန်တယ်….. သူတို့ မိတ်ဆွေ ကျွမ်းဘားနဲ့ မဆိုင်တဲ့ လူတွေကားကတော့ မရပ်ရ ဆိုင်းဘုတ်ရှေ့ ရုံဝထိ ရပ်ပြထားတယ်။
၉။ အားကစားရုံ ငှားခကို ပုံမှန်ကောက်ခံနေပြီး ၂၀၁၈ နှစ်ကုန်ခါနီးမှ ပိုက်ဆံမကောက်တော့ဘူးဆိုကာ မယူတော့ဘူး။ ပိုက်ဆံမပေးပဲ မလုပ်ချင်လို့ ဒုဥက္ကဌဆီ သင်ကြားခွင့် စာထပ်တင်ပါဆိုလို့ နေပြည်တော်ထိသွားပြီး ဒုက္ကဌနဲ့တွေ့ကာ စကားပြောပြီး စာသေချာတင်ခဲ့ပါတယ်။ ဒီနေ့ချိန်ထိ စာကိုပြန်မချပေးလာပါ….
၁၀။ ၂၀၁၉ January မှာ နင်တို့သင်တဲ့အဖွဲ့ February တလလုံးဖွင့်လို့မရဘူး။ ပိတ်ပေးရမယ်ဆိုပြီး ကိုယ်တွေလိုပဲ သင်နေတဲ့ဆရာတစ်ယောက်ဆိုသူက ဖုန်းဆက်လာတယ်။ ဘာလို့လဲမေးတော့ ဆရာမက ကျောင်းသားတွေကို တလလုံးသင်ရမှာမို့တဲ့၊ နင်သင်တဲ့အချိန်နဲ့ ကွက်တိပဲမို့ ၊ ငါလဲသင်လို့မရဘူး ပိတ်ပေးရမှာဆိုပြီးပြောတော့ ဒါဆိုရင်စာထုတ်ပေးပါ ပိတ်ခိုင်းတဲ့သူရဲ့လက်မှတ်နဲ့အဖွဲ့ချုပ်ကစာထုတ်ပေးပါပြောတော့ လုပ်ကြံပြောနေကြတာ ဖြစ်တဲ့အတွက် စာမထုတ်ပေးနိုင်ကြဘူး။ ဒီတော့မှ ဝိနည်းလွတ်အောင် ဒါဆိုလွတ်တဲ့နေရာ အခြားတဖက်မှာ ကစားပါဆိုပြီး အတွင်းရေးမှူး လုပ်သူက လှည့်ပတ်ပြောပြန်တယ်။ တကယ်တန်း ကျောင်းသားတွေကို သင်တာ တလလုံးမှာမှ ၃ ရက်ထဲ တရက်ကို ၁ နာရီပဲ သင်ခဲ့ကြတာ….. သတ်သတ် ဉာဏ်ဆင် ကလိန်ကကျစ် ကြခဲ့တာ။”

၁၁။ ပထမတစ်နှစ် အိုလံပစ်ပြိုင်ပွဲမှာ အဖွဲ့ချုပ်ကကလေးတွေအပြင် တခြားဆရာတွေဆီက ကလေးတွေပါ ပြိုင်ဖို့အတွက် ဖိတ်ခေါ်ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ကြတယ်။ကိုယ့်ကလေးတောင် ဆုရသွားသေးတယ်။ နောက်တစ်နှစ်လုပ်တော့ တမင်မခေါ်ပဲ ချန်ထားခဲ့တယ်။ လူကြီးရှေ့မှာမေးတဲ့အခါ ကွေ့ဝိုက်လှည့်ပတ်ဖြေပြီး အဖွဲ့ချုပ်က ကလေးတွေ သီးသန့်လုပ်တဲ့ပွဲပါဆိုပြီး Olympic Day Run ခေါင်းစဉ်ကြီးတပ်ထားလျှက်နဲ့ လိမ်ညာပြောတယ်။ (ကစားတဲ့ ကလေးတွေများရင် ယှဉ်ပြိုင်ရတာတွေ ပြိုင်ပွဲ အတွေ့အကြုံတွေ များမှာစိုးတာလား?)
၁၂။ အခုလို သေးသေးမွှားမွှားကော ကြီးကြီးမားမားတွေပါ မျိုးစုံညစ်ရာကနေ နောက်ဆုံးတော့ အဖွဲ့ချုပ်အသစ်ပြောင်းတဲ့အချိန် အရင်အဖွဲ့ချုပ်တုန်းက အကျင့်ပျက်မှုကြောင့် ထုတ်ပယ်ထားတယ်ဆိုတဲ့ သူတွေကပြန်ဝင်လာပြီး အကြောင်းပြချက်မရှိ ဘယ်အဖွဲ့မှပေးမသင်တော့ပါဘူးဆိုပြီး သူတို့စိတ်ကြိုက် စည်းကမ်းတွေထုတ်၊ ကြိုက်သလိုတွေ ပြောဆိုလုပ်နေကြတာ မြင်မကောင်းဘူး… ဒီလူတွေ စိတ်ဓာတ်၊ အကျင့် စာရိတ္တ အကြောင်း ကျွမ်းဘား လောကက လူတွေ သိကြတော့ စိတ်ပျက်ပြီး အဆက်အသွယ်ကို မလုပ်ချင်ကြတော့ဘူး။
၁၃။ ငှားခ ပိုက်ဆံသွင်းနေရာကနေ မယူတော့ဘူး အတင်းစလုပ်ကတည်းက အကွက်တွေရွှေ့နေပြီဆိုတာ သိနေလို့ ငှားခပေးပါမယ် ဆိုတာ လက်မခံခဲ့ဘူး၊ အဖွဲ့ချုပ် အသစ်ဖွဲ့တော့လည်း အချင်းချင်း လက်သိပ်ထိုး ရာထူးယူကြ အမျိုးမျိုး ညစ်ပြပြီး နည်းပြ အဖွဲ့တွေ အကုန် ကန်ထုတ်ခံခဲ့ရတယ်။ဒါပေမယ့် ကလေးတွေကိုကစားခွင့်မပေးတဲ့အခါမှာ နောက်ဆုံးအနေနဲ့ပြေလည်အောင် မေတ္တာရပ်ခံ တောင်းဆိုပြီး ညှိနှိုင်းတဲ့အခါမှာတောင် လုပ်ပေးလို့ရရက်နဲ့ မလုပ်ပေးပဲ နည်းလမ်းမကျတဲ့စကားတွေသာပြောခဲ့ပါတယ်။ယခုကျွမ်းဘားအဖွဲ့ချုပ် အသစ် ဖွဲ့စည်းရာတွင် ပွင့်လင်းမြင်သာမှုမရှိပဲတည်ထောင်ခဲ့ပြီး ယခင်ကျွမ်းဘား အဖွဲ့ချုပ်မှ ကိုယ်ကျင့်တရားနှင့် လူမှုရေးဖောက်ပြန်မှု၊ အကျင့်ပျက် စည်းကမ်းဖောက်ဖျက်မှုအပါအဝင် ပြစ်ချက်ပေါင်း (၁၄) ချက်ဖြင့် ယခုလက်ရှိ ဒု-ဥက္ကဌ အား ၂၀၁၂ ခုနှစ်တွင် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်၍ တရားဝင်မျက်နှာစုံညီ လက်မှတ်ရေးထိုး၍ အများရှေ့တွင် ထုတ်ပယ်ထားခဲ့ပြီး ဖြစ်ပါသည်။ ထိုသို့ ထုတ်ပယ်ခံထားရသော နည်းပြဟောင်းမှ လက်ရှိတွင် ဒု-ဥက္ကဌ ရာထူးဖြင့် ဝင်ရောက်ချုပ်ကိုင်လျှက် ရှိပါသည်။ယခုလက်ရှိ ဒု-ဥက္ကဌမှာ ယခင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူစဉ် အရှေ့တောင်အာရှပြိုင်ပွဲအတွက် အင်ဒိုနီးရှားနိုင်ငံသို့ ကစားသမားများနှင့်အတူ သွားရောက်စေခဲ့ရာတွင် မြန်မာနိုင်ငံမှကျွမ်းကျင်သော ဒိုင်မရှိသော်လည်း သြစတြေးလျနိုင်ငံသား အဖြစ်ခံယူထားသော ၎င်း၏အကိုဖြစ်သူကို အပြည်ပြည်ဆိုင်ရာ ကျွမ်းဘားဒိုင်လူကြီးဖြစ်ကြောင်း မဟုတ်မမှန်ပဲ အဖွဲ့ချုပ်နှင့် အားကစားဝန်ကြီးဌာနကို လိမ်လည်ပြီး ဝတ်စုံစရိတ်နှင့် အထောက်အပံ့များ တောင်းယူခဲ့သဖြင့် ကျွမ်းဘားအဖွဲ့ချုပ်မှ ယခုလက်ရှိ ဒု-ဥက္ကဌအား ထုတ်ပယ်ခဲ့ပါသည်။အဖွဲ့ချုပ်အသစ် ရွေးချယ်ရာတွင် စည်းကမ်းချက်များစွာ ချမှတ်ထားသော်လည်း အမှန်တကယ်ရွေးချယ်သည့်အခါ ၎င်းတို့အချင်းချင်းသာ လက်သိပ်ထိုးမဲပေး၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်နေပါသဖြင့် ပွင့်လင်းမြင်သာမှုမရှိသော မဲပေးရွေးချယ်မှု အဆင့်ဆင့်အား ပြန်လည်စစ်ဆေးရန် လိုအပ်နေပါသည်။လက်ရှိသင်ကြားနေသော ဆရာ ၊ ဆရာမများ အားလုံးကို ကြိုတင်အသိပေး အကြောင်းကြားခြင်း မရှိပဲ အထက်မှ သဘောတူညီမှုဖြင့် လက်မှတ်ထိုး စာထုတ်ပြန်ထားသည်ဟု ဆိုကာ ၎င်းတို့စိတ်ကြိုက် စည်းကမ်းများထုတ်၍ တရားဝင်စာထုတ်ပြန်ခြင်း မပြုပဲ ထုတ်ပယ်ခဲ့ပါသည်။ တရားဝင်စာထုတ်ပြန်ခြင်း မရှိပါက အားကစားရုံအားချက်ချင်းမပိတ်ရန် ညှိနှိုင်းခဲ့ပါသော်လည်း ၎င်းတို့ဆန္ဒအရ ရုံပြင်မှ သော့ခတ်ပိတ်ပင်ထားခဲ့ပါသည်။ လာရောက်သင်ကြားမည် ဆိုပါက ရဲခေါ်ပြီး စောင့်ခိုင်းထားမည်ဟုလဲ ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။၎င်းတို့အဖွဲ့မှ သင်ကြားပြသနေသော ကလေးများကိုသာ ရုံအတွင်းသို့ တံခါးဟပေးပြီး သော့ပြန်ပိတ်ထားခြင်း ၊ နောက်ပေါက်မှ ဝှက်၍ဝင်စေခြင်းတို့အား ပြုလုပ်ခဲ့ပါသည်။
မိမိတို့နည်းပြများမှာ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်၏ အသိအမှတ်ပြု Member ဝင် နည်းပြများဖြစ်ကြသော်လည်း ယခုအဖွဲ့ချုပ်အသစ်တွင် အကျူံးမဝင်ပါဟု နည်းလမ်းမကျစွာပြောဆိုခဲ့ပါသည်။

၁၄။ အခကြေးငွေနဲ့ သင်လို့မရဘူး စာကပ်ထားလို့ သမီးကလေးတွေ အကုန်လုံးကို Free သင်ပေးမယ်…ပိုက်ဆံသွင်းရမယ်ဆို အဖွဲ့ချုပ်က ကလေးမိဘတွေဆီမှာကိုယ်တိုင် ကောက်ခံပါ… ထားထက်ထက်က ကလေးတွေကို အလကား သင်ပေးပါမယ်ပြောတာ မရဘူး။ ထားထက်ထက် ကလေးတွေကို ထားထက်ထက် ကိုယ်တိုင် သင်ခွင့် မပေးဘူး မသင်ရဘူး…ဘာလို့လဲ မေးတော့ Why? ဆိုတာကိုမမေးနဲ့ ဒါစည်းကမ်းပါတဲ့…(ဒုဥက္ကဌလုပ်သူမှ ပြောပါတယ်။)

၁၅။ သမီးကလေးတွေကို ဆရာမတို့က သင်ချင်တယ်ဆိုပြီးလည်း ပေါ်တင်ကိုပြောပါတယ်…. ကလေးတွေက ဆရာမတို့နဲ့ မသင်ချင်ပါဘူး။ သမီးနဲ့ပဲသင်ချင်တယ်ဆိုရင်ကော မေးတော့ ကလေးတွေနဲ့မိဘတွေမှာ Choice လုပ်ခွင့်မရှိပါဘူးတဲ့… ဘာလို့လဲမေးတော့ ဒါစည်းကမ်းပါတဲ့…

၁၆။ နည်းပြမဟုတ်ပဲ လာသင်လို့ မရဘူးပြောလို့ နည်းပြကဒ်ရှိပါတယ် ဆိုတော့ အရင်အဖွဲ့ချုပ် လက်ထက်ကဟာတွေ အခုအဖွဲ့ချုပ်မှာ အကျုံးမဝင်ပါဘူးတဲ့…လျှောက်လွှာ ထပ်လျှောက်ပါတဲ့… ဒါဆို အရင်ထဲက နည်းပြဖြစ်နေတဲ့သူက နောက်ဥက္ကဌ တစ်ယောက်ပြောင်းသွားရင် နည်းပြ မဟုတ်တော့ဘူးလား? နည်းပြ ဖြစ်ဖို့အတွက် လျှောက်လွှာထပ်လျှောက်ရတာလား? ဆိုတော့ လျှောက်ရမယ်တဲ့…လက်ရှိရှိနေတဲ့ ဆရာတွေကော လျှောက်ထားလား ပြပါဆိုတော့ ရှိတယ်ပြောပြီး လှည့်ပတ်ပြောကာ မပြနိုင်ပါဘူး… ကျောင်းအုပ် ပြောင်းတိုင်း ကျောင်းက ဆရာမတွေ အကုန် ဆရာမ မဟုတ်တော့ပဲ စာစစ် ပြန်ဖြေရမယ့် ပုံစံ နဲ့… ထားထက်ထက်က ငယ်ငယ်ကတည်းက နိုင်ငံ့လက်ရွေးစင်ဟောင်း တစ်ယောက် နည်းပြကဒ်လဲရှိနေသူတစ်ယောက်က ကလေးတွေ နည်းပြ လုပ်လို့ မရဘူးတဲ့လား ? ဒါဟာ မဖြစ်သင့်တဲ့ နည်းလမ်းမကျတဲ့ အချက်တွေပါ….

၁၇။ အထက်လူကြီးတွေဆီထိ စာတင်ထားပြီး သူတို့ရဲ့လက်မှတ် ခွင့်ပြုချက်နဲ့ ထုတ်ပယ်ပါတယ်ပြောလို့ ဒါဆိုတရားဝင် စာထုတ်ပေးပါ။ အထက်က လက်မှတ်ထိုးတယ်ဆိုတဲ့ စာပြပါဆိုတော့ မပြနိုင်ပါ။ ဘယ်လူကြီးကလက်မှတ်ထိုးပေးထားလဲဆိုတာလဲ မသိရ မမြင်ရပဲ သူတို့ထွက်ဆို ထွက်ရပါမယ်တဲ့…
အိမ်ရှင်နဲ့ အိမ်ငှားလိုပေါ့တဲ့ မငှားချင်တော့ရင် ထွက်ပေးရမယ်တဲ့… အိုကေ ဒါဆိုဝန်ကြီးဌာန အဖွဲ့စည်းတွေနဲ့လုပ်နေတာ မသိတဲ့လူတွေလဲမဟုတ်ဘူး မငှားတော့ဘူးဆိုရင် တရားဝင် ပြောရပါမယ် စာထုတ်ပေးရပါမယ်ဆိုတော့ အိမ်ရှင်မှ မတူတော့တာတဲ့… အိမ်ရှင်ပြောင်းသွားလဲ အိမ်ငှားကအရင်ထဲကငှားထားတာလေ တရားဝင်ပြောရမှာပေါ့ဆိုတော့ အရင်ထဲကမှ မငှားတာဆိုပြီး စကားကိုပတ်ပြောပြန်တယ်…

၁၈။ ကလေးတွေကို သင်ကြားနေချိန်အတွင်းမှာလဲ ထားထက်ထက် အခုလာခဲ့၊ စကားပြောမယ်ဆိုပြီး အော်ကြီးဟစ်ကျယ်နဲ့ လှမ်းခေါ်တယ်။ ရုံးခန်းထဲလိုက်သွားတဲ့အချိန် ကလေးမိဘတွေမှာလဲ အံ့သြပြီး ဘာဖြစ်မှန်းမသိ စိတ်ပူနေကြတယ်။ ရုံးခန်းထဲမဝင်ခင် ဖုန်းတစ်ယောက်မှ မယူလာခဲ့နဲ့။ ဘာ Record မှာလဲလုပ်လို့မရဘူး လုပ်ခွင့်လဲမရှိဘူး Off the record ဟုဆိုကာ အထဲမှာ စည်းလွတ်ဝါးလွတ် ပြောတယ်။ သူတို့လူတွေအားလုံးတော့ အခန်းထဲကို ဝင်ချည်ထွက်ချည်နဲ့ လုပ်နေကြပြီး ဖုန်းတွေလဲပါကြတယ်။ (record လဲ လုပ်ထားပုံရပါတယ်။) အားလုံးပြောပြီးတဲ့အခါမှာတော့ ကြိုက်တဲ့နေရာတိုင် ငါတို့လဲ မပိုင်ရင် မလုပ်ဘူးဆိုပြီးပြောခဲ့ပါတယ်။ ဘယ်လူကြီးအားကိုးနဲ့ ဘယ်လိုပိုင်နေလဲဆိုတာတော့ မသိပါ။ ပြန်ထွက်လာတော့ စိတ်ပူနေတဲ့ကလေးမိဘတွေက သူတို့က ဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ၊ ကလေးတွေကို မကစားစေချင်တာလား? ပိုက်ဆံလိုချင်တာဆိုသူတို့ အားလုံးစုပြီးလုပ်ပေးပါမယ်ဆိုပြီး နိုင်ငံခြားသားမိဘတွေကပါ ပြောကြတယ်။ ခုတလော အရမ်း ညစ်နေကြလို့ သူတို့ပါ စိတ်ပျက်နေပုံပဲ။ ငါတို့ ကလေးတွေကို လိုချင်နေလို့ သက်သက် ညစ်နေကြတာလား မေးကြသေးတယ်။

၁၉။ သူတို့ အဖွဲ့ထဲက ဆရာဖြစ်သူက နင်တို့ ငါပြောတာနားမထောင်ပဲ နောက်နေ့ လာကစားမယ်ဆိုရင် ရုံကိုသော့ပိတ်ထားပြီး အရှေ့မှာရဲခေါ်ပြီးစောင့်ခိုင်းထားမယ်ဆိုတဲ့အထိ ခြိမ်းခြောက်ပြောဆိုခဲ့ပါသေးတယ်…
သူတို့သင်တဲ့ ကလေးတွေကျတော့ နောက်ပေါက်ကနေဝင်ပြီး သော့လာဖွင့်လိုက် ပြန်ပိတ်လိုက်နဲ့ ခိုးကြောင်ခိုးဝှက် သက်သက်တွေ ညစ်ပတ်နေကြတယ်။ဆရာဖြစ်ပေမယ့် တည့်နေစဉ်အချိန်က ပါးလေးတချက်ပဲနမ်းမယ် ခယ်မရယ် ဘာရယ် ဆိုတာနဲ့ ပရောပရီနဲ့ မတည့်တော့အချိန် ကြည့်မရချိန်မှာတော့ အဲ့ကောင်မကို အပြင်ကိုမောင်းထုတ်ပြီး တံခါးပိတ်ထားလိုက်တယ်ဆိုပြီး နောက်ကွယ်မှာတော့ ပါးစပ်အရသာခံပြောဆိုနေတာတွေဟာ ဆရာလို့ မပြောထိုက်သလို Sexual Harassment လဲ မြောက်ပါတယ်။ မိန်းကလေးတွေအတွက်ရော မိဘကွယ်ရာမှာ ကစားဖို့လွှတ်ထားမယ်ဆို ယုံကြည်စိတ်ချရမှု ရှိပါ့မလား?


၂၀။ ငါတို့မရှိတဲ့ ၇ နှစ်တောအတွင်း မင်းတို့လုပ်စားလာပြီးပြီပဲ တော်ပြီပေါ့။ ဘာလို့ မထွက်နိုင်ကြတာလဲဆိုပြီး ပြောပါသေးတယ်။ သူတို့မှာလည်း ပိုက်ဆံ မရှိပါဘူးတဲ့။ ( ပြောချင်တာက ခုတော့ သူတို့ တလှည့် ပေးစားပါ ဆိုတဲ့သဘော) ၊ ထားထက်တို့ သင်နေတယ် ဆိုတာ ငွေကြေး တခုထဲထက် အားကစားအပေါ် စိတ်ဝင်စားမှု များလာစေချင်တာ၊ မတတ်နိုင်ပေမယ့် စိတ်ဝင်စားတဲ့ ကလေးတွေဆို အလကား သင်ပေးခဲ့တာပါ။

၂၁။ အဲ့ဒီတော့ နောက်ဆုံးပိတ်အနေနဲ့ ပြောချင်တာက အားကစားအဖွဲ့ချုပ်ဆိုတာ ကျွမ်းဘားအားကစားကို ပိုမိုစိတ်ဝင်စားအောင်၊ ကစားသူ တိုးပွားလာအောင် ကြံဆောင်ပေးရမယ့်အစား နိုင်ငံတော်ဘဏ္ဏာငွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံပိုင် ကျွမ်းဘားရုံကို ကိုယ်ကျိုးအတွက် မောင်ပိုင်စည်း တစ်ဦးတည်း ချယ်လှယ်ချုပ်ကိုင်ချင်တဲ့ အတ္တကြီးတဲ့သူတွေ၊ ငွေကြေး၊ အကျင့်စာရိတ္တနဲ့ပတ်သတ်လို့ အဖွဲ့အစည်းကနေ ထုတ်ပယ်ခံထားရဖူးတဲ့သူတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ရန်ကုန် ကျွမ်းဘားအဖွဲ့ချုပ်ကို ကျွမ်းဘားလောက နောင်ရေးအတွက် တော်တော်လေး စိတ်ပျက်မိပါတယ်။

ထိုကဲ့သို့ ကျွမ်းဘားလောကတိုးတက်ရေးထက် မိမိတို့၏ကိုယ်ကျိုးအတွက်သာရှေးရှုနေခြင်း ၊ အကျင့်စာရိတ္တနှင့် ပတ်သတ်၍အရေးယူထုတ်ပယ် ခံထားရခြင်း ၊ အမည်ပျက်ရှိသူ ၊ စာရိတ္တမကောင်းသူ ၊ လူမှုရေးဖောက်ပြန်သူ ၊ စာရင်းအင်းမရှိသူ ၊ ငွေအလွဲသုံးစား ပြုခဲ့ဖူးသူတို့အား အဖွဲ့ချုပ်တွင် ထပ်မံတာဝန်ပေးထားရန် မသင့်ပါ။ကိုယ်တွေဒီလိုမျိုးကြုံတွေ့နေရတော့ နောက်မျိုးဆက်သစ်တွေ အများကြီးပေါ်ထွက်လာဖို့ကိုလဲ ရည်မှန်းမနေပါနဲ့တော့၊ ရည်မှန်းပါတယ်ပြောပြီးလဲ ညာစားမနေကြပါနဲ့တော့….. ဘာဖြစ်လို့လဲဆိုတော့ ကိုရီးယား ဇာတ်လမ်းတွဲတွေထဲကလို ညစ်ပတ်ယုတ်မာတဲ့ ဗီလိန်တွေထက် ပိုယုတ်မာတဲ့သူတော်တော်များများ ဒီထဲမှာရှိနေလို့ပါ ….

အောက်ခြေတွင် ဖြစ်ပျက်နေခြင်းများအား သိစေလိုခြင်းနှင့် အားကစားကစားသူ ပိုများလာစေလိုခြင်း…. အားကစားကိုလွတ်လပ်စွာ ကစားခွင့်ရစေလိုခြင်း…. မြန်မာနိုင်ငံရဲ့အားကစားလောက တကယ် တိုးတက်စေလိုခြင်း… ကိုယ်ကျိုးစီးပွားလဲကြည့်သလို အားကစားအမှန်တကယ် တိုးတက်ဖို့အတွက်လဲ ကြည့်စေလိုခြင်း တို့ကြောင့် စာ အရှည်ကြီးရေး ပြောပြရခြင်း ဖြစ်ပါတယ်…နိုင်ငံတစ်နိုင်ငံမှာ အနုပညာနဲ့အားကစားတိုးတက်လာရင် နိုင်ငံအတွက် အခွင့်အလမ်းနဲ့အတူ နိုင်ငံတွင်းနေထိုင်သူတွေအတွက် အရာရာပိုတိုးတက်လာနိုင်ပါတယ်…….အခုလိုမျိုး အားကစားရုံလေးမှာတောင် လူမျိုးရေးခွဲခြားမှုတွေနဲ့ အားကစားကိုစိတ်ဝင်စားသူတွေ မကစားရတဲ့ ဖြစ်ရပ်မျိုးတွေ ထားထက်တို့ နိုင်ငံမှာ ထပ်ပြီး မရှိစေချင်တော့ပါဘူ” ဆိုပြီး ရေးထားပါတယ်။

Miss ထားထက်ထက် ရဲ့ သမ္မတကြီးထံ ပေးပို့တဲ့ တိုင်ကြားစာကို ပရိသတ်တွေ ဖတ်ပြီးလောက်ပြီထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit-Momolay

Myanmar News