နာနတ်သီးကား တစ်စီး နမ့်ဖက်ကာအထွက်တွင် ပစ်ခတ်ခံရပြီး ကျည် ၁၂ ချက်မှန်

ယနေ့မနက်က မူဆယ်သို့သွားမည့် နာနတ်သီးကားတစ်စီးသည် နမ့်ဖက်ကာအထွက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး မော်တော်ယာဉ်ကို ကျည် ၁၂ ချက်ထိမှန်ခဲ့ကြောင်း နမ့်ဖက်ကာ ဒေသခံများထံမှသိရသည်။ “နာနတ်သီးကားအပစ်ခံရတယ်။ လူတော့မထိဘူး။ ကားက ကျည် ၁၂ ချက်တော့မှန်တယ်။ ဘယ်သူမှ မသွားရဲတော့ဘူး” ဟု ဒေသခံတစ်ဦးက သတင်းတမန်သို့ပြောပြသည်။

လားရှိုး-သိန္နီ- ကွတ်ခိုင် – နမ့်ဖက်ကာ -မူဆယ်လမ်းတစ်လျှောက်ရှိ နေရာအချို့တွင် ယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။ယနေ့တွင်လည်း နမ့်ဖက်ကာ -ကွတ်ခိုင်တစ်လျှောက် ပစ်ခတ်သံတစ်ချက်တစ်ချက်ကြားရသည်ဟု ၎င်းက ဆိုသည်။

“လမ်းပိုင်းက အသွားအလာမရှိသလောက်ပဲ။ တပ်ကလည်း တွေ့ရင်တားတယ်။ အန္တရာယ်ရှိမှာစိုးလို့။ ဟိုဘက်အဖွဲ့ကလည်း ဟိုဘက်ကနေ တားတယ်။ ပေးမသွားဘူး” ဟု ၎င်း ကဆိုသည်။ယမန်နေ့ ကလည်း လူနာသယ်ရန်သွားသည့် မေတ္တာရှင်လူမှုကူညီရေးအသင်း (နမ့်ဖက်ကာ)၏ လူနာတင်ယာဉ်တစ်စီးသည် နမ့်ဖက်ကာအထွက်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး အသင်းသားတစ်ဦး ပုခုံး၌ကျည်ရှပ်မှန်ခဲ့သည်။အလားတူ လူနာကောက်ရန်သွားသည့် လားရှိုး လူငယ်လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်တစ်စီးးသည်လည်း လက်နက်ကြီးနှင့်ကျည်ဆံထိမှန်ကာ အသင်းဥက္ကဌ ဖြစ်သူ သေဆုံးခဲ့သည်။

Credit-သတင်းတမန်

Myanmar News