မှိုတက်နေတဲ့ အစားအစာတွေဝယ်မိခဲ့လို့ သားလေးအတွက် စိုးရိမ်ခဲ့ရတဲ့ သက်မွန်မြင့်

သက်မွန်မြင့်က သားလေးစားချင်တဲ့ အစားအစာကို ဝယ်လာပြီးမှ မှိုတက်နေမှန်းသိလို့ စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အရင်တုန်းကလည်း ဒီလိုကိစ္စမျိုး ရှိခဲ့ဖူးတဲ့ အကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။


သက်မွန်မြင့်ဟာ သားလေး အားချစ် စားချင်တယ်ဆိုလို့ ဝယ်ပေးလိုက်တဲ့ အသီးဗူးထဲမှာ မှိုတွေပါလာလို့ အံ့အားသင့်ခဲ့ရပါတယ်တဲ့။ အဲဒီနောက်သားလေးအတွက်လည်း စိတ်ပူပြီး အရမ်းစိတ်မကောင်းဖြစ်ခဲ့တယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။‘’အားချစ်လေးက စားချင်တယ်ဆိုလို့ ဝယ်ပေးမယ် ယူလိုက်ဆိုတော့ ယူလာတယ်။ ဒီတိုင်းမထည့်ပဲ ဆစ်မိလို့ပေါ့။ မှိုဖြစ်နေပြီ အသီးက ပုံထဲကဟာက သပ်သပ် ယူလာတဲ့ဟာက မှိုရှိရုံ

လန့်ပြီး တခြားဟာရှာမိတော့ ပိုဆိုး ပုံထဲကဟာဆို မှိုတောင် တော်တော်ရှည်နေပြီ! အရမ်းစိတ်ပူသွားတယ်။ ဒါ မရောင်းသင့်တော့ဘူးလေ။ ဒါ အန္တရာယ် ဖြစ်နေပြီ။ အသီးလေးတွေ ရွေးခွင့်ပေးတဲ့ နေရာတွေရှိတယ်။ နေရာကွာခြားမှုပေါ်မူတည်ပြီး အသီးလတ်တာ သိပ်ကွာတာပဲ စိတ်တောင်မကောင်းဘူး’’လို့ ဇူလိုင်လ ၁၅ ရက်နေ့ မနက် ၁၀ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။


အလားတူပဲ အားချစ်လေး ၂ နှစ်အရွယ်တုန်းက ဝယ်စားခဲ့တဲ့ ချိစ် မုန့်လေးကလည်း မှိုတက်ပြီး မာနေတာမျိုးကြုံခဲ့ဖူးတယ်လို့ ပြောပါသေးတယ်။ အဲဒီတုန်းကတော့ ရိုက်ကူးရေးတွေ လုပ်နေတာ ဖြစ်တဲ့အတွက် အခုလို ချက်ချင်းကြီး မသိခဲ့ရဘူးလို့ ဆိုပါတယ်။

‘’ကလေးအမေဖြစ်ပြီးနောက်ပိုင်း ဈေးတအားဝယ်ဖြစ်တော့ သိနေပြီလေ။ ဟိုးအရင် အားချစ် ၁ နှစ်ခွဲ ၂နှစ် တုန်းကလည်း တစ်ခါ၊ Cheese အခဲ ကလေးတွေကြိုက်တဲ့ တြိဂံပုံ။ အိမ်မှာ သူ့ဟာသူ ရေခဲသေတ္တာထဲက ယူစားတာ သူ့ကို ခွာနည်းသင်ပေးထားတော့သူ့ဟာ သူခွာစားပေါ့။ နောက်တော့ မေမေရော့ဆိုပြီး လက်ထဲလာထည့် အားချစ်မစားချင်တော့ဘူးတဲ့ ကိုယ်လည်း မကြည့်ပဲ ပါးစပ်ထဲထည့်ပေါ့။ မာနေရော ဟဲ့ cheese က ဘာလို့ အဲဒီလောက်မာတုန်းဆိုပြီး ပြန်ထွေးတော့ မှိုဆွဲပြီး ခဲတာ အစိမ်းရောင်တွေရော၊ အမဲရောင်တွေရော၊အဲဒီမှာ အားချစ် ဘယ်လောက်တောင်စားလိုက်ပြီလဲမသိ။ ဒါမာလို့ သူ မစားနိုင်လို့ပေးတာ တချို့ မျိုချပြီးလောက်ပြီ’’ လို့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။မှိုတက်ထားတဲ့ အစားအသောက်တွေကို စားမိတဲ့ သားလေး အတွက်ကိုလည်း အရမ်းကို စိတ်ပူခဲ့ရတယ်လို့ သက်မွန်မြင့်က ပြောပါတယ်။ ဒါကြောင့် ဒိတ်လွန်အစားအသောက်တွေကို ဂရုတစိုက် ရှိသင့်တဲ့အကြောင်း ပြောပြလာပါတယ်။

‘’အဲ့ဒီချိန် စိတ်ပူ ရင်တွေပူ အဖေ့ဆီ ပြေးရတယ်။ အန်မအန်စောင့်ကြည့်ဆိုလို့ တော်သေးတယ် ဘာမှ မဖြစ်လို့ ဝယ်လာတာ မကြာဘူးလေ. မနေ့တနေ့က ဝယ်တာ အဲ့ဒီတုန်းက မီးမှ မပျက်တာ ကိုယ့်ဆီမှာ အဲ့ဒီလောက်ပျက်စီးစရာအကြောင်းမရှိ expire date ကြည့်ခဲ့တာ လိုသေးတယ် ဘယ်လိုလဲ နားမလည်တော့ပါဘူး။ ခုလည်းကြုံပြန်ပြီ ဂရုစိုက်ကြပါနော်။ သတိထားရအောင် မျှဝေတာပါ။ ဆိုင်ရော စားသုံးသူတွေရော သတိထားစေလိုပါတယ်ရှင်’’လို့ သူကဆိုပါတယ်။


သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ သက်မွန်မြင့်က မကြာခဏဆိုသလို သားနဲ့ သမီးတို့ရဲ့ လည်လွန်း၊ တတ်လွန်းတဲ့ အကြောင်းတွေကို ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးလေ့ရှိသလို မီဒီယာ အင်တာဗျူးတွေမှာလည်း ဖြေဆိုလေ့ရှိပါတယ်။ မေမေ သက်မွန်မြင့်ကို ချစ်ကြတဲ့ ပရိသတ်တွေ ကလည်း သားကြီး အားချစ်နဲ့ သမီးငယ် လဝန်းတို့ အပေါ်မှာလည်း အချစ်ပိုလို့နေပါတယ်။

Myanmar News