မုဒိန်းမှုကို စက်ဆုပ်ရွံရှာတဲ့ ရှေ့နေက ဗစ်တိုးရီးယားအမှုမှာ အောင်ကြီးဘက်က လိုက်ပေးမယ်

Victoria လေးနဲ့ပတ်သက်ပြီး တရားခံအောင်ကြီးလို့တရားစွဲဆိုခံထားရပေမယ့် ပြည်သူတွေကတော့ ကိုအောင်ကြီးဟာ မတရားသဖြင့် စွပ်စွဲခံထားရတာဖြစ်တယ်လို့ မှတ်ချက်ပေးနေခဲ့ကြတာပါ။ ကိုအောင်ကြီးရဲ့မိဘတွေကလည်း သားဖြစ်သူအတွက် အမှန်တရားပေါ်တဲ့အထိ လိုက်လံဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီးတော့ တရားလွှတ်တော်ရှေ့နေဖြစ်တဲ့ ဦးခင်မောင်ဇော်က ဒီအမှုဟာ ဖြစ်စဉ်စတည်းက ထူးဆန်းနေတဲ့အတွက် ဒီအမှုမှန်ပေါ်အောင် ဖော်ထုတ်သွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် သူဟာ မုဒိန်းမှုကို စက်ဆုပ်ရွံ့ရှာသူတစ်ဦးဖြစ်ပေမယ့် ထူးဆန်းမှုတွေရှိနေတဲ့ ဒီဗစ်တိုးရီးယားလေးအမှုမှာ အမှုမှန်ပေါ်အောင် အောင်ကြီးဘက်က ရှေ့နေအဖြစ် ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။

“ကိုအောင်ကြီး လွှတ်ရုံတင် မဟုတ်ဘူး။ ဒီအမှုမှာ ဒီကလေးမလေး အင်မတန် နစ်နာတယ်။ သူ့မိသားစုလည်း နစ်နာတယ်။ အဲ့ဒါကြောင့် တစ်ကယ်ကျူးလွန်တာ ဘယ်သူလဲဆိုတာ ပေါ်လောက်တဲ့ အနေအထားမျိုးရှိအောင် ဒီအမှုထဲမှာ စစ်ရင်း၊ စစ်ရင်းနဲ့ ဖော်ထုတ်ဖို့ ကြိုးစားပါမယ်”

“ကိုအောင်ကြီး မဟုတ်ဘဲ အစွပ်စွဲခံရတယ်။ အစောတုန်းက လွတ်ထားတယ်ဗျာ။ ပြီးတော့မှ ကောက်ပြီး တင်လိုက်တယ်။ အဲ့လိုဖြစ်တဲ့ အခြေအနေမျိုးကို ဖြစ်အောင် တွန်းပို့တာ တမင်တွန်းပို့တာ ရှိသလား။ ရှိရင် အဲ့ဒီ လက်သည် ဘယ်သူတွေလဲ။ အဲ့ဒီအချက် ၃ချက်ကို ဒီရုံးမှာ ဖော်ထုတ်ဖို့ ကြိုးစားပါ့မယ်”

Myanmar News