မိဘတွေကို ကိုယ်တိုင်လေယာဉ်မောင်းပြီး အိမ်ပြန်ပို့ခွင့်ရခဲ့တဲ့ လူငယ်လေး

လေယာဉ်မှုးလူငယ်လေးတစ်ယောက်ဟာ မိဘတွေရဲ့ အပန်းဖြေခရီးစဉ်ကို ကိုယ်တိုင်လေယာဉ်မောင်းပို့ပြီး ပျော်ရွှင်စွာပြီးဆုံးစေခဲ့ပါတယ်။ ရာဖာအယ်လျောင်းအမည်ရတဲ့ ၄င်းလူငယ်လေးဟာ Jetstar လေယာဉ်လိုင်းမှာ လေယာဉ်မှုးအဖြစ် အလုပ်လုပ်လာတာ တစ်နှစ်ပဲ ရှိပါသေးတယ်။ သူဟာ ဟိုချီမင်းမြို့ကနေ စင်္ကာပူနိုင်ငံကို ပျံသန်းလာတဲ့ ခရီးစဉ်မှာ လေယာဉ်မှုးအဖြစ် တာဝန်ယူမောင်းနှင်လာခဲ့တာပါ။

ရာဖာအယ်ရဲ့ မိဘတွေက သားဖြစ်သူမောင်းနှင်တဲ့ လေယာဉ်ကို တစ်ခါမှ စီးနင်းလိုက်ပါဖူးခြင်း မရှိပါဘူး။ ဒါကြောင့် ရာဖာအယ်က မိဘတွေကို အံ့သြသွားစေချင်တာကြောင့် မိဘတွေရဲ့ ဗီယက်နမ်သွားအပန်းဖြေခရီးစဉ်အပြီး စင်္ကာပူနိုင်ငံဆီ ပြန်လာမယ့်ခရီးစဉ်မှာ လေယာဉ်မှုးအဖြစ် လိုက်ပါမောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်က ဂိတ်ကနေ ထွက်ခွာပြီးတာနဲ့ လေယာဉ်မှုးရာဖာအယ်ဟာ မိုက်ကရိုဖုန်းကိုယူပြီး ခရီးသည်တွေကို မိတ်ဆက်စကားပြောပါတယ်။ ပြီးတဲ့နောက် အခုပျံသန်းမယ့် ခရီးစဉ်ဟာ မိဘတွေနဲ့အတူပျံသန်းတဲ့ ပထမဆုံးခရီးစဉ်ဖြစ်တဲ့အတွက် သူ့အနေနဲ့ များစွာ ဂုဏ်ယူမိကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ရာဖာအယ်က မိဘတွေကို အခုလို ပြန်ပို့ဖို့အတွက် သူဟာ လုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ လူစားလဲခဲ့ရကြောင်းလည်း ဆိုခဲ့ပါတယ်။

ရာဖာအယ်က မိုက်ကရိုဖုန်းနဲ့ ကြေညာတဲ့အခါ ဖခင်ဖြစ်သူဟာ မြင်တွေ့ခဲ့ပြီး မိခင်ဖြစ်သူကတော့ ရေအိမ်ထဲရောက်နေတာကြောင့် သားဖြစ်သူရဲ့ အသံကို ရေအိမ်ထဲကသာ ကြားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရာဖာအယ်ရဲ့ မိခင် ရိုဆာလင်းက သားအသံကို မှတ်မိတာကြောင့် လေယာဉ်မှုးရဲ့ ကြေညာချက်အပြီးမှာ အံ့သြ၀မ်းသာနေခဲ့တယ်လို့ ဆိုပါတယ်။ ရာဖာအယ်ရဲ့ မိဘနှစ်ပါးစလုံးကတော့ သားဖြစ်သူရဲ့ မမျှော်လင့်တဲ့ အပြုအမူလေးကြောင့် ကျေနပ်ပီတိဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

Credit- Shwemom

Myanmar News