ခရီးသည် ၄၅ ဦးစီးနင်းလိုက်ပါလာတဲ့ ရွှေမန်းရတနာကား မိုင်းထိမှန်

စစ်တွေကနေ ရန်ကုန်ကိုထွက်သွားတဲ့ ရွှေမန်းရတနာခရီးသည်တင်ကားတစီးဟာ ရခိုင်ပြည်နယ်မြေပုံမြို့နယ်၊ ကြာအမ်းတောင်ကျေးရွာအလွန်မှာ မိုင်းပေါက်ကွဲမှုကြောင့်ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ဒီကနေ့ ညနေ ၄ နာရီကျော်မှာ မြေပုံမြို့နယ်၊ ကြာအမ်းတောင်ကျေးရွာအလွန်မှာ ရှေ့ကားတစီးအလာကားလမ်းဘေးအရှောင်မှာ မိုင်းပေါက်ကွဲမှုဖြစ်သွားတာလို့ရွှေမန်းရတနာ ကားဒရိုင်ဘာ ကိုအောင်နိုင်ဝင်းကဒီဗွီဘီကိုပြောပါတယ်။

“ကားတစီးရှေ့ကအလာမှာလမ်းဘေးရှောင်လိုက်တာ။ ကားကိုနည်းနည်းလမ်းဘေးကိုနည်းနည်းချလိုက်တာမှာမိုင်းပေါက်ကွဲသွားတာပါ။ ကားရဲ့နောက်ဘီထိသွားတယ်။ ကားရဲ့ဘော်ဒီတွေရောထိသွားတယ်။ မှန်တွေရောထိသွားတယ်ဗျ၊ ခရီးသည်တွေကတော့ထိခိုက်ဒဏ်ရာရတာမရှိဘူး”လို့ပြောပါတယ်။

လက်ရှိမှာတော့ ရွှေမန်းရတနာကားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တွေကို အဲ့ဒီအနီးအနားက ထမင်းဆိုင်တဆိုင်မှာနေရာချထားပြီးတော့ ကားပေါ်မှာလိုက်ပါလာတဲ့ခရီးသည်တွေကို နောက်အခြားကားတစီးနဲ့သယ်ယူနိုင်ရေးဆောင်ရွက်နေတယ်လို့ပြောပါတယ်။

အဲ့ဒီရွှေမန်းရတနာခရီးသည်တင်ကားပေါ်မှာခရီးသည် ၄၅ ဦးလိုက်ပါလာတာဖြစ်ပြီး စစ်တွေကနေ ရန်ကုန်ကို သွားတာဖြစ်ပါတယ်။

Credit-ဒီဗွီဘီ

Myanmar News