ကိုယ့်ဓာတ်ပုံကို တက်တူးထိုးထားတာတွေ့ရလို့ ဝမ်းသာမိတယ်ဆိုတဲ့ မျိုးကြည်

လူကြမ်းသရုပ်ဆောင် မျိုးကြည်ကတော့ သူ့ရဲ့ဓာတ်ပုံကို တက်တူးအပြည့်ထိုးထားတဲ့ ပရိသတ် တစ်ဦးကြောင့် ပီတိဖြစ်နေရတဲ့အကြောင်းပြောပြလာပါတယ်။

လူကြမ်းသရုပ်ဆောင် မျိုးကြည်ရဲ့ အမိုက်စားဓာတ်ပုံတွေကတော့ အွန်လိုင်းစာမျက်နှာပေါ်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု အများကြီးရရှိခဲ့တာ တွေ့ရပါတယ်။ ဒီဓာတ်ပုံတွေထဲက တစ်ပုံကို မုံရွာမှာ နေထိုင်တဲ့ ပရိသတ်တစ်ဦးက တက်တူးထိုးခဲ့တာ တွေ့ရလို့ ဝမ်းသာပီတိဖြစ်ရတယ်လို့  ပြောပြလာပါတယ်။

“ အစ်ကိုတို့လို အပယ်ခံ အညတရသမားတစ်ယောက်ကို ဒီလိုမျိုး ဂုဏ်ပြုတဲ့အတွက် တကယ်ကို ကျေးဇူးတင်တယ်။ ဒါကလည်း ရှားရှားပါးပါး ပါ။ ဒါကို အစ်ကို မြင်လိုက်တဲ့ အချိန်မှာ တော်တော်ကို အံ့သြသွားရတယ်။ အစအဆုံး တက်တူးထိုးထားတာတွေကို လိုင်းပေါ်မှာ တင်ကြတာ တွေ့ရပါတယ်။ အဲဒီတက်တူးထိုးတဲ့ ကောင်လေးကလည်း တကယ်တော်တယ်။ ထိုးတဲ့လူကိုလည်း ဖုန်းနဲ့ဝမ်းသာစကားပြောပြီးပါပြီ” လို့ သူကဆိုပါတယ်။

လူကြမ်းသရုပ်ဆောင် ကိုမျိုးကြည်ကိုတော့ သူ့ရဲ့နှုတ်ခမ်းမွှေးကြောင့် ပရိသတ်တွေက စတင်သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း နှုတ်ခမ်းမွှေးထားရတာ ဝါသနာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

“ နှုတ်ခမ်းမွှေးက စထွက်ကတည်းကကို အရှည်ထားတာ။ ဘုန်းကြီးဝတ်တဲ့ အချိန်ပဲ ရိတ်ဖြစ်တာ။ ဒါကတော့ အစ်ကို့အတွက် Crazy တစ်ခုပေါ့နော်။ နှုတ်ခမ်းမွှေးထားတာ ငယ်ငယ်လေးကတည်းက ဝါသနာပါတာ။ ဒီအပေါ်မှာ ပရိသတ်တွေ သိတယ်ဆိုတာက အစ်ကို့ကို ခေါ်ပြီးတော့ ဓာတ်ပုံရိုက်တဲ့ဆရာတွေ တော်လို့ အခုလို လူသိကြတာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။

Myanmar News