ကလေးတွေကို ကိုယ်တိုင်စောင့်ရှောက်ပေးနေတယ်ဆိုတဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေ နားတဲ့ကာလမှာ သူမရဲ့ ဂေဟာမှာရှိတဲ့ ကလေးလေးတွေကို ကိုယ်တိုင်ပြုစု စောင့်ရှောက်ပေးနေတယ်လို့ ဆိုပါတယ်။Covid ကာလမှာ ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေ ရပ်နားထားတယ်လို့ သိရပါတယ်။ သူမရဲ့ ဂေဟာမှာရှိတဲ့ ကလေးတွေရဲ့ စားဝတ်နေရေးကိုလည်းအဆင်ပြေဖို့ စီမံနေရတယ်လို့ မီဒီယာတွေကနေပြောပြလာပါတယ်။

“ အခုချိန်မှာ ကိုယ့်ရဲ့ အနုပညာအလုပ်တွေလည်း ရပ်နားထားရတယ်။ ပြီးတော့ ကလေးတွေ အတွက် အလှူရှင်တွေကလည်း နည်းသွားကြတယ်။ ဒါပေမယ့် ကလေးတွေအတွက် အသုံးစာရိတ်တော့ မလျှော့ပါဘူး။ အပိုထွက်ငွေပဲ မသုံးတော့တာပေါ့။ အခုဆိုရင် ကလေးတွေအတွက် သူနာပြုဆရာမတွေကိုဆိုရင် မလာခိုင်းတော့ဘူး။ တချို့က လိုင်းကားစီးလာတယ်၊ တချို့ကျတော့ တက္ကစီ စီးလာမှ အဆင်ပြေမှာဆိုတော့ အဝင်အထွက်တွေ များတဲ့အတွက် လျှော့ချလိုက်တယ်။ ကလေးတွေအတွက်တော့ အစ်မ ကြိုးစားပြီး ရှာပေးပါတယ်” ဆိုပြီးတော့ စက်တင်ဘာလ (၃) ရက်နေ့ က ဖြေဆိုခဲ့တာပါ။

ခိုင်နှင်းဝေဟာ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခုချိန်မှာ အရင်ကထက် ပိုဂရုစိုက်တယ်လို့ ဆိုပါတယ်။ သူမရဲ့ကလေးတွေကိုလည်း အများကြီး အတူတူ တွဲမထားပဲ သေသေချာချာ စနစ်တကျနဲ့ နေရာချထားတယ်လို့ သူက ဆိုပါတယ်။

“ အခုချိန်မှာ အစ်မရဲ့ကလေးတွေကို ပလပ်စတစ် အကြည်တွေ ကာပြီးတော့ (၃) ကန့် ကန့်ထားတယ်။ အလှူရှင်တွေဆိုလည်း (၃) ယောက်ထပ် ပို ပေးမဝင်ဘူး။ ကလေးတွေကို နမ်းတာ ကိုင်တာတွေ မလုပ်ခိုင်းတော့ဘူး။ ပြီးတော့ ကလေးတွေ အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးကို အဓိက ထားဂရုစိုက်တယ်။ သူတို့ဟာ မိဘက စွန့်ပစ်လိုက်လို့ မိဘရင်ခွင်ထဲမှာ မနေရတဲ့ ကလေးတွေ ဖြစ်လို့ အလှူရှင်တွေဆီက မေတ္တာလေး နည်းနည်းလောက် ရစေချင်တယ်။ အလှူရှင်တွေမှာ ပါလာမယ့် ကလေးတွေနဲ့ အစ်မရဲ့ ကလေးတွေ အတူတူဆော့ခွင့်ရအောင် အစ်မ သေချာ သန့်ရှင်းရေးလုပ်ပေးတယ်။ အလှူရှင်က ပိုက်ဆံလှူလိုက်တယ်ဆိုတာထက် ကလေးလေးတွေက ချစ်ဖုဖို့ကောင်းလိုက်ကြတာဆိုပြီးတော့ ချီကြ၊ နမ်းကြ၊ မေတ္တာပေးကြလို့ရှိရင် အစ်မက အရမ်းပီတိဖြစ်ရတယ်”လို့ ဆက်လက် ပြောပြလာပါတယ်။

 

Myanmar News