ရန်ကုန်ကဆိုင်များ သတ်မှတ်စည်းကမ်းနှင့်ကိုက်ညီပါက ဖွင့်လှစ်နိုင်ဟု ဒုမြို့တော်ဝန်ပြော

ရန်ကုန်က စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွတ်မှုရှိပါက ဖွင့်လှစ်ရောင်းချလို့ရတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန် ဦးစိုးလွင်က ဒီဗွီဘီကို ပြောပါတယ်။

Image may contain: one or more people and outdoor

Stay At Home နေအိမ်မှာနေထိုင်ရေးအစီအစဉ်မှာ အကျုံးဝင်တဲ့ မြို့နယ်တွေက လွဲပြီး တစ်ပြည်လုံးရှိ မြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာနိုင်ရင် စားသောက်ဆိုင်နဲ့လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်ခွင့်ကို ခွင့်ပြုပေးဖို့ ကြေညာပြီးနောက်ပိုင်း ဒီဆိုင်တွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ညီရင် ဖွင့်လို့ရကြောင်း ဒုမြို့တော်ဝန် ဦးစိုးလွင်က ပြောပါတယ်။

Image may contain: one or more people, people sitting, table and indoor

ဆိုင်လိုင်စင်တွေကို စည်ပင်က လိုင်စင်ချပေးထားတာဖြစ်ပေမဲ့ လိုင်စင်ထဲမှာ ဒီစည်းကမ်းချက်တွေ မပါဝင်ကြောင်း အခုလို ကိုဗစ်ကာလမှာဆိုင်တွေ ပြန်ဖွင့်ဖို့ ဌာနဆိုင်ရာတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ကိုဗစ်ကော်မတီကကြီးကြပ်ဆောင်ရွက်နေကြောင်း၊ ကိုဗစ်ကော်မတီက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ညီရင် ဖွင့်လို့ရကြောင်း၊ စည်းကမ်းသတ်မှတ်ချက်တွေကိုတော့ ထုတ်ပြန်ကြေညာထားတဲ့အပြင် သက်ဆိုင်ရာ ကိုဗစ်ကော်မတီကိုမေးလို့ရကြောင်း ဒုမြို့တော်ဝန်က ပြောပါတယ်။

ပြန်လည်ဖွင့်လှစ်တဲ့ လက်ဖက်ရည်ဆိုင်တွေစားသောက်ဆိုင်တွေအနေနဲ့လည်း ဆိုင်လာတဲ့သူတွေကို ဆိုင်အဝင်ဝမှာ အပူချိန်တိုင်းဖို့၊ လက်ဆေးဖို့ထားရှိပေးဖို့အချက်အပါအဝင် ပြင်ဆင်ထားရှိဖို့အချက် ၁၁ချက်၊ ဆိုင်တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေလိုက်နာရမယ့် အချက် ၁၁ ချက်၊ စားသုံးသူတွေ လိုက်နာရမယ့်အချက် ၈ ချက်နဲ့ အထူးဂရုပြုဆောင်ရွက်ရမယ့် သန့်ရှင်းရေး လုပ်ငန်းတွေ ၄ ချက်ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မေလ ၁၈ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေအနေနဲ့ သတ်မှတ်စည်းကမ်းတွေနဲ့ ညီညွတ်မှုမရှိရင်တော့ ပထမအကြိမ် သတိပေးတာ၊ ဒုတိယအကြိမ် ဒဏ်ငွေချမှတ်တာနဲ့ တတိယအကြိမ်ဆိုရင် ကာလတစ်ခုအထိ ပိတ်သိမ်းမယ်လို့ COVID-19 ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကကြေညာထားပါတယ်။

ဒီဗွီဘီ

Myanmar News