COVID-19 အမိန့်စာကြေညာနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအား ထိုင်ခုံဖြင့်ရိုက်သူကို ထောင် ၃ လချ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သင်္ဃန်းဆွဲအုပ်စု နဘဲကန်ရွာမှာ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီရဲ့ COVID-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ အမိန့်စာကို ကျေးရွာအုပ်ချုပ်ရေးမှူးက အသံချဲ့စက်နဲ့ ကြေညာနေစဉ် သစ်သားထိုင်ခုံနဲ့ ရိုက်သူကို မေ ၁၉ ရက်မှာ မြို့နယ်တရားရုံးက ထောင် ၃ လ အမိန့်ချလိုက်ပါတယ်။

ဝမ်းတွင်းမြို့ အတာသင်္ကြန်အတက်နေ့ ...

ဧပြီ ၂၂ ရက်ည ၈ နာရီမှာ သင်္ဃန်းဆွဲကျေးရွာ အုပ်ချုပ်ရေးမှူးဦးသိန်းဇော်က ကျေးရွာလူထု သိစေဖို့ အသံချဲ့စက်နဲ့ ကြေညာနေစဉ် ရွာသားဦးကျော်ငြိမ်း (၅၀နှစ်)က “ရွာတံခါးတွေ ဘာလို့ပိတ်ထားတာတုန်း နောက်ရက်ပိတ်ရင် သတ်ပစ်မယ်” ဆိုပြီး သစ်သားထိုင်ခုံနဲ့ ရိုက်ခဲ့တဲ့အမှုဖြစ်ပါတယ်။

သင်္ဃန်းဆွဲအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က “မြို့နယ်စီမံခန့်ခွဲရေးကော်မတီရဲ့ ၃/၂၀၂၀ အမိန့်စာ ညမထွက်ရ အပြင်ထွက်ရင် Mask တပ်ပါဆိုတာတွေကို အများပြည်သူသိအောင် အသံချဲ့စက်နဲ့ ကြေညာနေတုန်း သစ်သားထိုင်ခုံနဲ့ ရိုက်လိုက်တာ ဘေးကိုတိမ်းရှောင်ပေးလိုက်လို့ လူကိုထိမသွားဘူး။ တရားရုံးဦးတိုက်လျှောက်ပြီး တရားစွဲဆိုခဲ့တယ်။ အလုပ်နဲ့ ထောင် ၃ လ ကျသွားတယ်”လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့ တည်းခိုခန်းတွင် ...

COVID-19 ကပ်ရောဂါကာလမှာ ကျေးလက်တွေမှာ လက်ဆေးဖို့နဲ့ နှာခေါင်းစည်းတပ် မတပ် ကျန်းမာရေးစစ်ဆေးဖို့၊ ရွာအဝင်အထွက်တွေမှာ မောင်းတံတွေ၊ တံခါးတွေမှာ အစောင့်ချ စစ်ဆေးတာပြုလုပ်နေစဉ် လယ်ယာလုပ်ငန်းခွင်သွားပြီး ပြန်လာကြတဲ့ တောင်သူတွေ အခက်အခဲ ဖြစ်တာဟာ ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်တယ် ယူဆပြီး ဦးကျော်ငြိမ်းက ရန်ပြုခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၂၄ ရက်နေ့မှာ အလုပ်ဝတ္တရားနှောင့်ယှက်မှု ရာဇသတ်ကြီးပုဒ်မ ၃၅၃ နဲ့ တရားစွဲဆိုခဲ့ပြီး ရာကြီးအမှုအမှတ် ၃၇၃/၂၀၂၀ နဲ့ လက်ခံစစ်ဆေးပြီး မေ ၁၉ရက်နေ့မှာ အမိန့်ချခဲ့ပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ ဧပြီလ တစ်လအတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စွဲဆိုတဲ့ အလုပ်ဝတ္တရားနှောင့်ယှက်မှု ၃မှု ရှိပါတယ်။

ဒီဗွီဘီ

Myanmar News