သမီးလေးရလာလို့ နေထိုင်မှု ပုံစံပြောင်းလဲတော့မယ်ဆိုတဲ့ R ဇာနည်

သမီးလေးနဲ့ပတ်သက်ပြီး သူ့ရင်ထဲက စကားတွေ ပြောလာပါတယ်။ R ဇာနည်ကတော့ သူတို့ရဲ့ မိသားစုဘဝလေးထဲကို သမီးလေး ဝင်ရောက်လာပြီဖြစ်တဲ့အတွက် သူ့ရဲ့ နေထိုင်မှုပုံစံကို ကြိုးစားပြောင်းလဲသွားမယ်လို့ဆိုပါတယ်။

အဆိုတော် R ဇာနည်ရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင် ဝမ်းကတော့ မေလ(၁၄) ရက်နေ့ မနက်ပိုင်းက တတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ သမီးတစ်ယောက်ရဲ့ ဖခင်ဖြစ်လာတဲ့ အဆိုတော် R ဇာနည်က သမီးလေးအတွက် သူ့ရဲ့ နေထိုင်မှု ပုံစံတွေကို ကြိုးစားပြောင်းလဲသွားမယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Image may contain: one or more people, people sleeping, baby and closeup

“ ကျွန်တော်က သားတွေ ရလာကတည်းက ကလေးတွေအရှေ့မှာ ကိုယ်နေထိုင်သင့်တဲ့ ပုံစံကို ကျွန်တော် ကြိုးစားပြောင်းလဲနေထိုင်လာရတာပါ။ သမီးလေးရလာပြီဆိုတော့ မိသားစုဘဝ သာယာပျော်ရွှင်စေဖို့အတွက် ပိုပြီးတော့ ပြောင်းလဲ ကြိုးစားနေထိုင်ရမှာပေါ့။ သားတွေ၊ သမီးတွေ ရှိလာပြီဆိုတော့ မိသားစုဘဝလေး လုံးဝ ပြည့်စုံသွားပါပြီ။ သမီးလေးကိုတော့ ဖစ်ဖစ်၊ ချစ်ချစ်တို့ နဲ့ တစ်တန်းတည်းချစ်ပါတယ်။ မောင်နှမ သုံးယောက်စလုံးကို ကောင်းကောင်းကြီးပြင်းအောင် စောင့်ရှောက်ပေးသွားမှာပါ” လို့ ဆိုပါတယ်။

Image may contain: 1 person, standing

R ဇာနည်ဟာ ဇနီးဖြစ်သူ ဝမ်း တစ်ယောက် တတိယမြောက် ကိုယ်ဝန်စလွယ်ကတည်းက သမီးလေး လိုချင်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဆန္ဒအမှန်တကယ် ပြည့်လာတဲ့အတွက် သမီးလေးအပေါ်ထားတဲ့ သူ့ရဲ့ ရည်ရွယ်ချက်တွေကို အခုလို ပြောပြလာပါသေးတယ်။

Image may contain: 1 person, sleeping, baby and closeup

“ အဓိက ကတော့ သမီးလေးလည်း ဖြစ်သလို သူ ကောင်းကောင်းမွန်မွန်ကြီးပြင်းဖို့အတွက် ကျွန်တော်တို့ ကြိုးစားပံ့ပိုးပေးဖို့ စီစဉ်ထားပါတယ်။ အဓိက ကတော့ သူ့အမေက စီစဉ်ပေးမှာပေါ့။ မိန်းကလေး အချင်းချင်းလည်း ဖြစ်တဲ့အခါကျတော့ ဝေရာဝစ္စတော်တော်များများကို သူ့အမေကပဲ ဆုံးဖြတ်ပေးမှာပါ။ ကျွန်တော်ကတော့ ဘေးကနေပဲ လိုအပ်တာတွေကို ဝိုင်းကူ ဖြည့်ဆည်းပေးမှာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။

မေလ(၁၄) ရက်နေ့က သမီးလေး မွေးဖွားနိုင်ခဲ့တဲ့ Rဇာနည် နဲ့ ဝမ်းတို့ အတွက် လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ဂုဏ်ပြုစကားပြောခဲ့ကြတဲ့ အနုပညာညီအစ်ကို မောင်နှမတွေ၊ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ Rဇာနည်က ပြောခဲ့ပါသေးတယ်။ သူတို့ နှစ်ဦးရဲ့ သားကြီး ဖစ်ဖစ်တုန်ကတော့ အခုဆိုရင် အသက် (၁၀) နှစ် ရှိပြီဖြစ်ပါတယ်။ သားငယ်လေး ချစ်ချစ်တုန်ကတော့ အသက်(၂) နှစ်ကျော် ရှိပါပြီ။ Rဇာနည်နဲ့ ဝမ်း တို့ဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ဆိုရင် မင်္ဂလာသက်တမ်း (၁၆) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သားနှစ်ယောက်၊ သမီးလေး တစ်ယောက်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Image may contain: 1 person, standing

ဆယ်လီရပ်ကွက်

Myanmar News