သမီးလေးကို ပိုင်ဆိုင်ခွင့်ရသွားပြီဖြစ်တဲ့ R ဇာနည်

ဒီနေ့( မေလ ၁၄ရက်) မှာ ဝမ်းက သမီးလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ R ဇာနည်ကတော့ ဒီနေ့( မေလ ၁၄) ရက်နေ့မှာ သမီးလေးတစ်ဦး ပိုင်ဆိုင်ခွင့်ရပြီဖြစ်လို့ အရမ်းဝမ်းသာနေတယ်လို့ဆိုပါတယ်။

အဆိုတော် Rဇာနည်ရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင်ဝမ်းဟာ ဒီနေ့( မေလ ၁၄) ရက်နေ့မှာ တတိယမြောက် ရင်သွေးလေးဖြစ်တဲ့ သမီးလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့တယ်လို့ ပြောပြလာပါတယ်။

“ သမီးလေးကိုတော့ ဒီနေ့ ( မေလ ၁၄ ရက်) မနက်ပိုင်းမွေးပါတယ်။ အချိန်ကတော့ အတိအကျ မသိလိုက်ဘူး။ မွေးတာက Grand Hantha International ဆေးရုံမှာ မွေးတာပါ။ သမီးလေးကို ပိုင်ဆိုင်ခွင့်ရလာတာလည်း အတိုင်းမသိ ဝမ်းသာမိတယ်။ ကျွန်တော်တို့ အနေနဲ့ အခုဆိုရင် သားတွေရော၊ သမီးရော ဖြစ်သွားပြီပေါ့။ ကလေးရော၊ အမေရော ကျန်းကျန်းမာမာပါပဲ။ လောလောဆယ်တော့ အိပ်နေကြတယ်” လို့ ဆိုပါတယ်။

သားတွေရဲ့ ဖခင်ဖြစ်ခွင့်ရတာနဲ့ သမီးလေးရဲ့ ဖခင်ဖြစ်လာတဲ့ အပေါ်မှာ အကောင်းဆုံးဖြစ်စေဖို့ ကြိုးစားနေထိုင်သွားမယ်လို့လည်း Rဇာနည် က ပြောပါတယ်။ သမီးလေးကိုလည်း အကောင်းဆုံး ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။

“ ကျွန်တော့်မှာ မိသားစုရှိလာပြီဆိုတော့ ကိုယ့်ရဲ့ ဘဝနေထိုင်မှု ပုံစံကို ကြိုးစားပြီး ပြောင်းခဲ့တယ်။ အခု သမီးလေး ရလာပြီဆိုတော့ သူနဲ့ပတ်သက်ပြီး ကိုယ်နေထိုင်သင့်တဲ့ ပုံစံကိုလည်း ကြိုးစားပြီး ပြောင်းလဲသွားပါမယ်။ အခုဆိုရင် သားရော၊ သမီးရောဆိုတော့ ပြည့်စုံတဲ့ မိသားစုလေး ဖြစ်သွားပါပြီ။ သမီးမိန်းကလေးဖြစ်တာကြောင့် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့၊ အဓိက ကတော့ သူ့အမေက သမီးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ အရာအားလုံးကို ဆုံးဖြတ်ပေးသွားမှာပါ။ ကျွန်တော်ကတော့ ဘေးကနေ ပံ့ပိုးပေးသွားမယ်” လို့ ပြောပြခဲ့ပါသေးတယ်။

သမီးလေးနဲ့ အမှတ်တရ ဓာတ်ပုံတွေကိုတော့ ဓာတ်ပုံရိုက်လို့ရတဲ့ အချိန်ကျရင် ပရိသတ်နဲ့ မိတ်ဆက်ပေးပါ့မယ်လို့လည်း Rဇာနည်က အင်တာဗျူးမှာ ပြောခဲ့ပါသေးတယ်။ အခုဆိုရင်တော့ သားဖြစ်သူ ဖစ်ဖစ်တုန် နဲ့ ချစ်ချစ်တုန် တို့ကလည်း သူတို့ရဲ့ ညီမလေးကို အရမ်းချစ်နေကြတယ်လို့ ဆိုပါတယ်။

“ သားနှစ်ယောက်ကလည်း အရမ်းပျော်နေတယ်။ သူတို့ ညီမလေးကို တွေ့ချင်လို့ အရမ်းလာချင်နေတာ ဒီလိုအခြေအနေနဲ့ကျတော့ သူတို့လည်း လိုက်လာလို့ အဆင်မပြေတဲ့အတွက် Video Call တွေ ပြောပြီးတော့ပဲ ပြရတာပေါ့။ သားငယ်လေးကလည်း သိတတ်နေပြီဆိုတော့ သူ့ ညီမလေးအတွက် ရင်ခုန်နေတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။

Rဇာနည် နဲ့ ဝမ်းတို့ အတွက် လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ဂုဏ်ပြုစကားပြောခဲ့ကြတဲ့ အနုပညာညီအစ်ကို မောင်နှမတွေ၊ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ Rဇာနည်က ပြောခဲ့ပါသေးတယ်။ သူတို့ နှစ်ဦးရဲ့ သားကြီး ဖစ်ဖစ်တုန်ကတော့ အခုဆိုရင် အသက် (၁၀) နှစ် ရှိပြီဖြစ်ပါတယ်။ သားငယ်လေး ချစ်ချစ်တုန်ကတော့ အသက်(၂) နှစ်ကျော် ရှိပါပြီ။ Rဇာနည်နဲ့ ဝမ်း တို့ဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ဆိုရင် မင်္ဂလာသက်တမ်း (၁၆) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သားနှစ်ယောက်၊ သမီးလေး တစ်ယောက်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

ဆယ်လီရပ်ကွက်

Myanmar News