တရုတ်အစိုးရကို အမေရိကန်ဒေါ်လာ ၃ သိန်းကျော်တန်ဖိုးရှိ ဆေးပစ္စည်းများ တပ်မတော်လှူဒါန်း

ကိုရိုနာဗိုင်းရစ်ပ်ကြောင့် လူဦးရေထောင်နှင့်ချီ၍ သေဆုံးမှုများ ဖြစ်ပေါ်နေသည့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃ သိန်းကျော် တန်ဖိုးရှိ သော ဆေးဘက်ဆိုင်ရာပစ္စည်းများကို တပ်မတော်က ဖေဖော်ဝါရီ ၂၅ ရက်၌ လှူဒါန်းခဲ့သည်။

တပ်မတော်က လှူဒါန်းသည့် surgical Masks(2Ply) ၉၀၀၀၀ ခု၊ Type- N95 (Sm Particulate Respirator Masks) ၉၀၀၀၀ ခု၊ Safety Goggles ၉၀၀၀၀ ခု စသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ထည့်ထားသည့် ဆေးပုံးများတင်ဆောင်ထားသော တပ်မတော်ပိုင်လေယာဉ်သည် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၁၁ နာရီ ၅ မိနစ်တွင် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ရောက်ရှိခဲ့သည်။

အဆိုပါ တပ်မတော်လေယာဉ်အား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ဦးဆောင်ခဲ့ပြီး ယင်းကဲ့သို့ ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းမှုအပေါ် တရုတ်တပ်မတော်မှ နိုင်ငံရေးမှူးဖြစ်သူ Major General Zhang Pingiun က လက်ခံခဲ့ကြောင်းသိရသည်။

တပ်မတော်လေယာဉ် မထွက်ခွာခြင်းမီ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai တို့ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် တပ်မတော်အနေဖြင့် ယခုကဲ့သို့ကူညီခြင်းမှာ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါတိုက်ဖျက်ရေးကို ကူညီပေးရန်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ၏ အတူတကွ ကြိုးပမ်းမှုအောက်တွင် ရောဂါကို  ဆောလျင် အောင်မြင်စွာ တိုက်ဖျက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံအားပေးမှု အောက်တွင် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်မှုသည် ဘက်စုံအောင်မြင်မှု ဆောလျင်စွာ ရရှိမည်ဟု ပြန်လည်ပြောကြားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် တရုတ်အစိုးရကို ဆန်လှူဒါန်းရန် ပြင်ဆင်နေပြီး လှူဒါန်းမည့် ဆန်များကို စတင်စုဆောင်းလျက်ရှိသည်။

မြန်မာတိုင်းမ်

Myanmar News