ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူ ရီးရဲမက်ဒရစ်အသင်းဥက္ကဋ္ဌဟောင်း လော်ရန်ဇိုဆန်ဇ် ကွယ်လွန်

စပိန်ကလပ် ရီးရဲမက်ဒရစ်အသင်း ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သူ လော်ရန်ဇိုဆန်ဇ်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့ရပြီဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ 

စပိန်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ လော်ရန်ဇိုဆန်ဇ်သည် သီတင်းပတ်တစ်ပတ်ကျော်အထိ ဖျားနာနေခဲ့ခြင်းကြောင့် ပြီးခဲ့သည့် အင်္ဂါနေ့တွင် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း၊ လော်ရန်ဇိုဆန်ဇ်အား စစ်ဆေးရာတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ရပြီးနောက် အထူးကြပ်မတ်ခန်းတွင် ပြောင်းရွှေ့ကုသမှုပေးခဲ့သော်လည်း ပြီးခဲ့သည့် စနေနေ့ညပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ 

၁၉၉၅ ခုနှစ် နိုင်ဝင်ဘာလ ၂၆ ရက်နေ့မှ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ ၁၆ ရက်အထိ ရီးရဲမက်ဒရစ်အသင်း၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူ လော်ရန်ဇိုဆန်ဇ်သည် ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ် အရွယ်ရှိပြီဖြစ်သည်။

 

ဥက္ကဋ္ဌဟောင်း လော်ရန်ဇိုဆန်ဇ် ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ ရီးရဲမက်ဒရစ်အသင်းက “ ရီးရဲမက်ဒရစ် အသင်းအပေါ်မှာ အချိန်ပေးပြီး စိတ်အာရုံ နစ်မြှုပ်ထားခဲ့တဲ့ ဥက္ကဋ္ဌတစ်ဦး ကွယ်လွန်သွားခဲ့လို့ ရီးရဲမက်ဒရစ် အသင်းအနေနဲ့ ပူဆွေးဝမ်းနည်းရပါတယ်”ဟု သတင်းထုတ်ပြန်ခဲ့ပြီး ရီးရဲမက်ဒရစ်အသင်း ဂိုးသမားဟောင်း တစ်ဦးဖြစ်သူ ကာဆီးလက်စ်ကလည်း လော်ရန်ဇိုဆန်ဇ် ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းကြောင်း ရေးသားဖြော်ပခဲ့သည်။ 

အခြားသတင်းတစ်ပုဒ်အရ အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းသည် အသင်း၏ အားကစားဒါရိုက်တာဖြစ်သူ ပေါ်လိုမာလ်ဒီနီနှင့် ၎င်း၏သားဖြစ်သူ အေစီမီလန်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား ဒန်နီရယ် မာလ်ဒီနီ တို့ထံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့သည်။

 ပေါ်လိုမာလ်ဒီနီနှင့် ဒန်နီရယ်မာလ်ဒီနီတို့၏ လက်ရှိအခြေအနေ ကောင်းမွန်လျက်ရှိပြီး ၎င်းတို့သည် ရောဂါခြေချုပ်ကာလဖြင့် ထားရှိခံရမည်ဖြစ်သည် ဟု အေစီမီလန်အသင်း၏ သတင်းထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ 

ဂျူဗင်တပ်အသင်း တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဒိုင်ဘာလာကလည်း ၎င်းနှင့် ၎င်း၏ချစ်သူတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထား ရကြောင်း အတည်ပြုပြောဆိုခဲ့သည်။ 

အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘာလာက ၎င်း၏ Instagram စာမျက်နှာတွင် “ကျွန်တော်ရော ကျွန်တော့်ချစ်သူ အိုရီယာနာတို့ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရမှုရှိမရှိ ဆေးစစ်ဆေးမှုအဖြေရပါပြီ။ ဆေးအဖြေအရ ကျွန်တော်တို့ နှစ်ဦးစလုံးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ရ ပါတယ်။ ကံကောင်းတာကတော့ ကျွန်တော်တို့ နှစ်ဦးစလုံးက ကောင်းမွန်တဲ့ အခြေအနေမှာရှိနေ တာပါပဲ ”ဟု ရေးသားဖော်ပြခဲ့သည်။

ဒိုင်ဘာလာ၏ ဂျူဗင်တပ်အသင်းဖော်များဖြစ်သည့် မတ်တူဒီနှင့် ရူဂါနီတို့ သည်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကာ အသက် ၂၅ နှစ်အရွယ်ရှိ ရူဂါနီသည် အီတလီစီးရီးအေ ကစားသမားများအနက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ပထမဆုံး တွေ့ရှိခဲ့သည့် ကစားသမား ဖြစ်သည်။

အကုန်သိ

Myanmar News