သီတင်းကျွတ် ရုံးပိတ်ရက်ကာလ ခရီးသွား ကားလက်မှတ် ဈေးတင်ရောင်းချသူများကို အရေးယူမည်

မန္တလေးမြို့တွင် သီတင်းကျွတ် ရုံးပိတ်ရက်ကာလ ခရီးသွားများ ကားလက်မှတ် အခက်အခဲမရှိစေရေးနှင့် ကားလက်မှတ် ဈေးတင်ရောင်းခြင်းများမရှိစေရေးအတွက် ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး) က သတိပေးထုတ်ပြန်ထားကြောင်း သိရသည် ။

သီတင်းကျွတ် ရုံးပိတ်ရက်ကာလတွင် နေရပ်ပြန်သူများ နှင့် ခရီးသွားသူများ များပြားပြီး လက်မှတ်အခက်အခဲများရှိတက်ပြီး ကားဂိတ်များတွင် လက်မှတ်များချန်ထားပေးရန် အသိပေးထားကြောင်း သိရသည် ။“သတင်းကျွတ်ရုံးပိတ်ရက် ကာလမှာ ခရီးသွားတွေ အခက်အခဲမရှိဖို့ ကြေငြာချက်တစ်ခု ထုတ်ထားတယ်။ ကားလက်မှတ်တွေကို ဈေးတင်မရောင်းဖို့ နဲ့ ထိုင်ခုံတွေ ချန်ထားပေးဖို့ တောင်းဆိုထားတယ်။ ကျွန်တော့ လက်ထက်မှာတော့ လက်မှတ်ကို ဈေးတင်ရောင်းတာမတွေ့ဖူးဘူး။” ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦး​အောင်​​ကျော်​လင်း က ပြောသည် ။

လက်မှတ်ဈေးတင်ရောင်းခြင်းများကို စစ်ဆေးတွေ့ရှိပါက ငါးသောင်းကျပ် မှ တစ်သိန်းကျပ်အထိ ဒဏ်ငွေရိုက်အရေးယူသွားမည်ဖြစ်သည် ။ထို့အပြင် ခရီးသွားပြည်သူများ အနေဖြင့် လက်မှတ်မရခဲ့ပါက ကားကြီးဝန်းရှိ ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ – အဝေးပြေး သို့ ချိတ်ဆက်ပြီး မှတ်ပုံတင်ပြ၍ လက်မှတ်ရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည် ။မန္တလေးမြို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်း (၅) ခုရှိပြီး အဝေးပြေး ယာဉ်လိုင်းပေါင်း ၅၀၀ ကျော်ရှိကြောင်း ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး) က သိရသည် ။

Credit-နိုင်လင်းဦး

Myanmar News